[၃၈] နှစ်မြောက် ရှစ်လေးလုံးလူထုအရေးတော်ပုံ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

[၃၈] နှစ်မြောက် ရှစ်လေးလုံးလူထုအရေးတော်ပုံ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့
ယနေ့ ၃၈ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုလွတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့် လွတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် တာဝန်ရှိသူများနှင့် ယနေ့ အခမ်းအနားတွင် တက်ရောက်လာကြသည့် ပြည်တွင်း/ပြည်ပမှ မိတ်ဆွေများအားလုံးကို နှုတ်ခွန်း ဆက်လိုပါတယ်။
ဒီနေ့ ကျရောက်တဲ့ (၃၈) နှစ်မြောက် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားမှာ၊ ကျွန်တော့်အနေနဲ့ လေးနက်စွာ ပြောကြားလိုတဲ့ စကားတချို့ ရှိပါတယ်။ ပထမဆုံး အချက်အနေနဲ့၊ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးမှာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်လှုပ်ရှားခဲ့တဲ့ တော်လှန်ရေးရဲဘော်ရဲဘက်အပေါင်းကို လေးစားဦးညွတ်ကြောင်း ပဏာမအားဖြင့် ပြောကြားလို ပါတယ်။ ဒါ့အပြင် လူထုဒီမိုကရေစီလှုပ်ရှားမှုသမိုင်းမှာ စိတ်ရောကိုယ်ပါ မြှုပ်နှံခဲ့တဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက် အားလုံးကို နွေဦးတော်လှန်ရေးရဲ့ စံနမူနာပြအဖြစ် သိမှတ် လေးစားကြောင်း ထပ်မံပြီး ပြောကြားချင်ပါတယ်။ ရှစ်ဆယ့်ရှစ်လူထုဒီမိုကရေစီအရေးတော်ပုံဟာ စစ်အာဏာရှင်စနစ်ကို အာခံ ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီအရေးအတွက် ပြည်သူအားလုံး ပါဝင်တဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ “တော်လှန်ရေးဆိုတာဟာ ဖြစ်စဉ်ကြီး” တစ်ခုဖြစ်တယ်လို့ မှတ်ယူထားပါတယ်။ သမိုင်းဆိုတာဟာ အပိုင်းလိုက် အပိုင်းလိုက်၊ အကန့်လိုက် အကန့်လိုက် ရွေ့လျား ဖြတ်သန်းတယ် ဆိုပေမယ့်၊ ဒါဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှု ရှိတဲ့ ဖြစ်စဉ်လို့ နားလည်ထားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာ၊ ၁၉၈၈ ခုနှစ်မတိုင်မီ ကာလတွေတုန်းက ပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားတော်လှန်ရေး၊ အလုပ်သမားတော်လှန်ရေးတွေရဲ့ အဆက်ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၈၈ ခုနှစ်နောက်ပိုင်း‌ ပေါ်ပေါက်လာတဲ့ ရွှေဝါရောင်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေး တွေကလည်း ရှစ်လေးလုံးလူထုအရေးတော်ပုံရဲ့ အဆက်ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတဲ့ သဘောဟာ လှိုင်းအသွင်နဲ့လည်း ရှိနေသလို၊ ဖြစ်စဉ်အနေနဲ့လည်း ရှိနေတယ်လို့ ယူဆပါတယ်။ အခု ကျွန်တော်တို့ အားလုံးဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေးကြီးကလည်း ဖြစ်စဉ်သဖွယ် အပိုင်းလိုက် အပိုင်းလိုက် ရွေ့လျား ချီတက်နေတာကို တွေ့ရပါတယ်။ ဖြတ်သန်းချီတက်ရတဲ့ ကာလအပိုင်းအခြား တိုင်းဟာ တစ်ခုနဲ့ တစ်ခု မတူခြားနားတာကိုလည်း တွေ့ရပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ၂၀၂၁ နဲ့ ၂၀၂၅ ကာလတွေအတွင်းမှာ မကြုံရတဲ့ တော်လှန်ရေးအသွင်အပြင် တစ်ခုကို ဆက်လက် ချီတက်နေကြရပါတယ်။ ဒီဖြစ်စဉ်တွေဟာ တော်လှန်ရေးတစ်ခုနဲ့ တစ်ခု အသက်ဆက်ပြီး လက်ချင်းဆက်ခဲ့တဲ့ ပုံစံဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံကြီးက ကြဲပက်လိုက်တဲ့ မျိုးစေ့တွေဟာ နွေဦးတော်လှန် ရေးအတွင်းမှာ အသီးအပွင့်အဖြစ် မြင်တွေ့ရတာတွေ ရှိခဲ့ပါတယ်။ ဒါဟာ တော်လှန်ရေးရဲ့ ဖြစ်စဉ် သဘောလို့ ကျွန်တော် နားလည်ပါတယ်။ ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းရေးအတွက် ကြီးစွာသော နမူနာကောင်းတစ်ခုဖြစ်ခဲ့ပါ တယ်။ ဒါ့အပြင် လူထုဒီမိုကရေစီလှုပ်ရှားမှုအတွက် အကောင်းဆုံးသော စံနမူနာကောင်းတစ်ခုဖြစ်ခဲ့ ပါတယ်။ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေ ပခုံးထမ်းတင်ပေးလိုက်တဲ့ တော်လှန်ရေးလှိုင်းလုံးကြီးဟာ နွေဦးတော်လှန်ရေးရဲ့ ညီအစ်ကို သားမြေးတွေအဖြစ် ပခုံးထမ်း ဆက်လက်တာဝန်ယူခဲ့တာတွေ့ရပါ တယ်။ ခေတ်ကာလတွေ မတူညီတာကြောင့်၊ လုပ်နည်းလုပ်ဟန်နဲ့ နည်းနာအပြောင်းအလဲတွေရှိတာ ဟာ သဘာဝကျပါတယ်။ ဒါပေမယ့် ခံယူချက်နဲ့ ယုံကြည်ချက်မှာတော့ ကျွန်တော်တို့အားလုံးဟာ တစ်သားတည်း အတူတူ ရပ်တည်ပြီး ဆင့်ကဲလှုပ်ရှားချီတက်နေကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့ဟာ ၁၉၈၈ ခုနှစ်တုန်းက မပြီးပြတ်ခဲ့တဲ့ သမိုင်းပေးတာဝန်တွေကို ဆက်လက်ပြီး ထမ်းဆောင်နေကြရပါတယ်။ ဒါ့အပြင် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ဖို့ အားသွန်ကြိုးပမ်းနေကြရပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းနိုင်ဖို့အတွက်ဆိုရင်၊ လူထုတော်လှန်ရေးကိုလည်း ဖော်ဆောင်ဖို့ လိုသလို၊ လက်နက်ကိုင်တော်လှန်ရေးကိုလည်း ဖော်ဆောင်ကြရပါတယ်။ တစ်ဖက်မှာ လည်း လူထုအထိမနာစေမယ့် တော်လှန်ရေးနည်းနာတွေကို ရွေးချယ်ပြီး၊ စိန်ခေါ်မှုတွေ ကြားထဲက ကြိုးစားလုပ်ဆောင်ကြရတာတွေ ရှိပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ လူထုရဲ့ ပင်ပန်းမှုတွေကလည်း တရိပ်ရိပ် မြင့်မားလာတာကို လျစ်လျှူရှုလို့ မရဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အတိတ်က ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးသင်ခန်းစာတွေကို လေးနက်စွာ အောက်မေ့ဆင်ခြင်ဖို့ လိုပါတယ်။ ဒါ့အပြင် အတိတ်သမိုင်းက ဖြတ်သန်းခဲ့တဲ့ စံနမူနာကောင်းတွေကို အတုယူနိုင်ဖို့ လိုပါတယ်။ ၁၉၈၈ နဲ့ ၂၀၂၁ အခင်းအကျင်းကို ယှဉ်စပ်ပြီး တဆင့်ပြီးတစ်ဆင့် ကျယ်ပြန့် မြင့်မားတဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် ကြံဆောင် ကြိုးစားကြဖို့ လိုပါတယ်။ တစ်ဖက် မှာလည်း မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေနဲ့ ဆက်လက်လုပ်ဆောင်ရမယ့် တည်ဆောက် ရေးတာဝန်တွေကို မျိုးဆက်အလိုက် တစ်ဆင့်ချင်းစီ လက်ဆင့်ကမ်း ထမ်းရွက်ကြဖို့ လိုကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား….
အရေးတော်ပုံမုချအောင်ရမည်…
Scroll to Top